မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏


ပီတိချို၏၀တ္ထုလေးများ

View previous topic View next topic Go down

အမှတ်အသားပြုထားမည် ပီတိချို၏၀တ္ထုလေးများ

Post by Guest on Thu 10 Jun 2010, 16:48

အဖေဆုံးတဲ့နှစ်မှာ သူ(၁ဝ)နှစ်၊
မောင်လေး(၈)နှစ်

ဘဝက ဖြေးဖြေးချင်းစဆွဲခဲ့တဲ့ ပန်းချီကားတစ်ချပ်လို လှပတဲ့အရောင်လေးတွေ ခြယ်မှုန်းနေချိန်မှာ ရုတ်တရက်
မိုးရေတွေနဲ့ အပက်ခံလိုက်ရတယ်။ သူ့ဘဝထဲက ပျော်ရွှင်၊ တည်ငြိမ်ခြင်းတွေက
ပျက်စီးသွားတဲ့ ဆေးရောင်ခြယ်
ပန်းချီကားလေးလို့ ဆိတ်သုန်းပျောက်ဆုံးကုန်ခဲ့ရတယ်။

အဖေဆုံးပြီးနောက် အရင်က သိမ်မွေ့နူးညံ့ခဲ့တဲ့အမေဟာ အားလုံးပြာင်းလဲသွားသလိုပဲ စိတ်တိုဒေါသထွက် လွယ်ခဲ့တယ်။
ပန်းကန်လေးတစ်လုံး မတော်တဆ လွတ်ချကွဲသွားတာနဲ့ အမေဆူလို့ဆဲလို့ မပြီးနိုင်တော့ဘူး။
အဲဒီအချိန်ကစပြီး အမေ့အသံကို သူမုန်းခဲ့တယ်။ သေးငယ်စူးရှတဲ့ အမေ့အသံက သူ့နားထဲ
ရက်ရက်စက်စက် တိုးဝင်ပြီး သူ့ဘဝထဲအထိ ဝင်ရောက်ခဲ့တယ်။ အရင်က သိမ်မွေ့နူးညံတဲ့ အမေ့အသံဟာ
ဘာဖြစ်လို့ ရုတ်တရက် ဒီလိုပြောင်းလဲသွားမှန်း သူ မတွေးတတ်ခဲ့ဘူး။

အဲဒီတုန်းက အမေအသက်(၃ဝ)လောက်ပဲ ရှိဦးမယ်။ ရင့်ကျက်ပြည့်ဖြိုးတဲ့ ပန်းတစ်ပွင့်လို အမေကို ခူးဆွတ်ချင်သူတွေ
များခဲ့တယ်။ ဒါပေမယ့်
စကားလာခင်းသူတွေကို အမေဆဲလွတ်လိုက်တာချည်းပဲ။ အမေဟာ ဆူးထောင်ထားတဲ့
ဖြူးကောင်တစ်ကောင်လို အနားကပ်လာသူမှန်သမျှကို ဆူးနဲ့လိုက်စူးပြီး သူနဲ့ မောင်လေးကို
ကာကွယ်ခဲ့တယ်။

စားဝတ်နေရေးအတွက် ဈေးထဲမှာ နေရာတစ်ခုရှာပြီး အမေဈေးရောင်းခဲ့တယ်။ မနက်(၄)နာရီထိုးတာနဲ့
အိပ်ရာကထ လိုင်းကားနဲ့
မြောက်အရပ်ကနေ တောင်အရပ်မှာရှိတဲ့ လက်ကားဈေးကို အမေသွားတယ်။ ဒီလမ်းခရီးက မြို့ကိုတစ်ပတ်ပတ်တာနဲ့
တူတယ်။ လေဒဏ်၊ မိုးဒဏ်ကြောင့် ပြည့်တင်းနေတဲ့ အမေခန္ဓာကိုယ်ဟာ နေလှန်းထားတဲ့ သစ်သီးခြောက်လို
ပိန်လှီခဲ့ရတယ်။

(၁၆)နှစ်အရွယ်မှာ သူဟာအေးဆေးတည်ငြိမ်တဲ့ မိန်းမပျိုလေးဖြစ်ခဲ့တယ်။ အထက်တန်းကျောင်း
တက်နေပြီး စာတော်ခဲ့တယ်။ နေ့လယ်နေ့ခင်း
ကျောင်းဆင်းချိန်မှာ အိမ်ကိုအပြေးပြန်လာပြီး ထမင်းဟင်းတွေ သူချက်ခဲ့တယ်။
ပြီးရင် လမ်းအသွယ်သွယ်ကိုဖြတ်ပြီး အမေအတွက် သူထမင်းချိုင့်ပို့ပေးတယ်။ ဆူညံနေတဲ့
ဈေးထဲရောက်တိုင်း အမေကထမင်းကို တစ်ဘက်က ပလုပ်ပလောင်းစားရင်း၊ တစ်ဘက်က
ဈေးဝယ်တွေနဲ့ ဈေးညှိနေတာကိုပဲ
သူမြင်ခဲ့ရတယ်။

တစ်ခါတုန်းက ဈေးနားအရောက်မှာ လူတစ်ယောက်နဲ့ အမေရန်ဖြစ်နေတာကို သူတွေ့လိုက်တယ်။
အမေရဲ့စူးရှထက်မြက်တဲ့အသံက
အဝေးကနေ သူ့နားစည်ကို အားနဲ့ဝင်ဝင်ဆောင့်တယ်။ အမေနဲ့ရန်ဖြစ်တဲ့
ဝဝပုပုအမျိုးသမီးက အမေ့ကိုမနိုင်တော့ သူ့ယောက်ျားကိုစစ်ကူတောင်းတယ်။ ယောက်ျားလုပ်သူက
အမေကိုရိုက်ဖို့ ရွယ်တယ်။ အမေ့မျက်နှာပေါ်က တံထွေးနဲ့ မျက်ရည်စတွေကို သူထင်ထင်ရှားရှား
တွေ့ခဲ့ရတယ်။ ဒါတွေဟာ ငယ်ရွယ်နုပျိုတဲ့သူ့ဘဝကို စွတ်စိုစေခဲ့တယ်။

အသက်(၂၂)နှစ်မှာ သူကျောင်းပြီးတယ်။ ကျောင်းဆက်တက်နိုင်တဲ့အရည်အချင်း သူ့မှာရှိပေမယ့် မောင်လေးအတွက်နဲ့ တစ်နေ့တစ်ခြားပိန်လှီလာတဲ့
အမေ့ခန္ဓာကိုယ်ကြောင့် ရှေ့ဆက်ပညာသင်ရေးကို သူလက်လွတ်ခဲ့တယ်။

ပထမဆုံးရတဲ့လစာငွေကို အမေ့လက်ထဲသူအပ်တော့ ကြမ်းတမ်းတဲ့အမေ့လက်တွေက လိပ်ပြာတောင်ပံတွေလို တုန်ယင်နေခဲ့တယ်။ အမေ့ကိုသူ
ငေးမောကြည့်ရင်း အသံနိမ့်နဲ့ပြောလိုက်တယ်။

"အမေ.... နောက်ဆို ဈေးသွားမရောင်းပါနဲ့တော့"

သူ့စကားကြားတော့ အမေရယ်တယ်။ အမေရယ်သံတွေက စူးရှမနေတော့ဘဲ ခပ်အက်အက်ဖြစ်နေတယ်။ အမေ့အသံထဲမှာ
ပင်ပန်းဆင်းရဲသံ၊ အိုမင်းရင့်ရော်သံတွေနဲ့ ပြည့်နေခဲ့တယ်။ နောက်တစ်နေ့မနက်
ဈေးထဲမှာ အမေကို သူသွားရှာခဲ့တယ်။ အဝေးကြီးကနေ အမေရဲ့ကြည်လင်တဲ့အသံကို သူကြားနေရတယ်။

"ဟဲ့... ငါ့သမီး တက္ကသိုလ်က ဘွဲ့ရခဲ့ပြီသိလား! နိုင်ငံခြားကလာဖွင့်ထားတဲ့ ကုမ္ပဏီမှာ
အလုပ်လုပ်နေတယ်...."

အမေ့စကားထဲကနေ ဂုဏ်ယူဝင့်ကြွားသံကို သူကြားလိုက်ရတယ်။

အသက်(၂၈)နှစ်မှာ သမီးလေးတစ်ယောက်ကို သူမွေးဖွားခဲ့တယ်။ လမပြည့်သေးတဲ့ ကလေးက ညတိုင်းမိုးလင်းပေါက်ထိ ငိုတယ်။
တစ်ညလုံး အမေမအိပ်ဘဲ
ကလေးကိုချော့ခဲ့တယ်။ တစ်ညအိပ်မက်ကနေ ယောင်ရမ်းနိုးလာချိန်
ကလေးကိုချော့သိပ်နေတဲ့ အမေ့သီချင်းသံကို
သူရုတ်တရက် ကြားလိုက်မိတယ်။ ပျော့ပျောင်းညင်သာတဲ့ အမေ့အသံကြောင့်
မျက်စိမဖွင့်ဘဲ သူငြိမ်ငြိမ်လေးနားထောင်ခဲ့တယ်။

ပုခက်လွှဲတေးသံလေးပါလား! (၁၈)နှစ်ဆိုတဲ့အချိန်က နောက်ပြန်စီးခဲ့သလို နားဝင်ချိုသိမ်မွေ့တဲ့ အမေ့တေးသံလေးထဲ သူစီးမျောသွားခဲ့တယ်။ မျက်လုံးအိမ်ထဲ
ပြည့်လျံလာတဲ့မျက်ရည်တွေ အပြင်ကိုစီးမကျခင် စောင်နဲ့သူဆွဲအုပ်လိုက်မိတယ်။
နောက်ဆုံးမှာ အမေ့အသံကို
သူရှာတွေ့ခဲ့ပါတယ်.... ဟိုတစ်ချိန်တုန်းက သူ့ဘဝမှာ ပျောက်ကွယ်ခဲ့ပြီထင်တဲ့
အမေကို သူပြန်ရခဲ့ပါတယ်။

ဒါပေမယ့် ပျော်ရွှင်ချမ်းမြေ့တဲ့အချိန်တွေက တိုတောင်းလွန်းခဲ့တယ်။

အဲဒီနေ့မနက်(၇)နာရီမှာ အမေက ထမင်းဟင်းချက်ပြီး သူ့ကိုအိပ်ရာထဖို့ လာနှိုးတယ်။ မနက်(၈)နာရီမှာ သူအလုပ်သွားတော့ အမေက မြေးလေးနဲ့ဆော့ကစား ကျန်ရစ်ခဲ့တယ်။
(၁ဝ)နာရီမှာ ဆေးရုံကို အရေးတကြီး သူရောက်သွားခဲ့တယ်။ လူနာကုတင်ပေါ်မှာ လဲလျောင်းနေတဲ့အမေ
စကားမပြောတတ်တော့ဘူး။ ရုတ်တရက် သွေးတိုးပြီး အမေလေဖြတ်ခဲ့တယ်။ မေ့မြောနေတဲ့အမေ့
ပါးပြင်တွန့်တွန့်တွေကို သူပွတ်သပ်ကြည့်နေမိတယ်။ သူ့မျက်ရည်တွေက အမေ့ကိုယ်၊
မျက်နှာပေါ် အဆက်မပြတ်စီးကျခဲ့တယ်။
အမေ့အသံကို သူကြားချင်လိုက်တာ... စူးရှသေးငယ်ပြီး ဆူဆဲတဲ့အသံပဲဖြစ်ဖြစ်
သူကြားချင်နေမိတယ်။ ဒါပေမယ့်
အမေ့အသံကို သူကြားခွင့်မရခဲ့တော့ဘူး။

နောက်တစ်နေ့ နေ့လယ်ခင်းမှာ မေ့မြောရာကနေ အမေတိတ်တိတ်လေး ထွက်ခွါသွားခဲ့တယ်။

အမေဆုံးပြီးတစ်လအကြာမှာ အမေကျန်ရစ်တဲ့ပစ္စည်းတွေကို သူသိမ်းနေခဲ့တယ်။ သေတ္တာတစ်ခုထဲကနေ အိမ်နေစီးဖိနပ်နှစ်ရံကို သူတွေ့လိုက်တယ်။ ဖိနပ်က
အဝါဖျော့ရောင်သိုးမွှေးနဲ့ ချုပ်ထားပြီး ဖိနပ်အောက်ခံကို အမေက ခပ်ထူထူလေး လုပ်ထားပေးတယ်။ အရင်က
ဒီလိုဖိနပ်မျိုးကို သူ့အတွက် အမေလုပ်ပေးခဲ့ဖူးတယ်။ ဖိနပ်ကပျော့အိပြီး စီးလို့ကောင်းပေမယ့်
လမ်းလျှောက်လိုက်ရင် ဖိနပ်အောက်ခံကြောင့် အသံအရမ်းမြည်လို့ တစ်ရက်နှစ်ရက်စီးပြီး တစ်နေရာမှာ
သူပစ်ထားခဲ့မိတယ်။

အခုတော့ အဲဒီဖိနပ်ကို ကောက်ယူစီးပြီး တစ်အိမ်လုံးအနှံ့ သူလမ်းလျှောက်ကြည့်မိတယ်။
"တပ်.. တပ်.. တပ်"နဲ့ မြည်နေတဲ့ဖိနပ်သံကို သူအကျယ်ကြီး ကြားလိုက်ရတယ်။ ဖိနပ်သံတွေကြားမှာ
သူငိုကြွေးမိပြန်တယ်။ ဒါဟာ သူ့အတွက် အမေထားခဲ့တဲ့ နောက်ဆုံးအသံလေးပဲဖြစ်တယ်။

မူရင်း--- http://www.duwenzhang.com

Guest
Guest


Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum