မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့
OrphanCareGroup(OCG) ဖိုရမ်လေးမှနွေးထွေးစွာကြိုဆိုပါ၏


ပိဋကတ်မိတ်ဆက်…

View previous topic View next topic Go down

အမှတ်အသားပြုထားမည် ပိဋကတ်မိတ်ဆက်…

Post by Guest on Fri 14 May 2010, 20:35

ပိဋကတ်မိတ်ဆက်…
via အရှင်ဝိစိတ္တ (မနာပဒါယီ) by အရှင်ဝိစိတ္တ
(မနာပဒါယီ) on 5/8/10

ဘုန်းဘုန်းတို့ကို မကြာမကြာ အမေးခံရတဲ့ မေးခွန်းတွေထဲမှာ ပိဋကတ်နဲ့ ပတ်သက်တဲ့
မေးခွန်းတွေလည်း ပါပါတယ်။ မေးတတ်တဲ့ မေးခွန်းတွေမှာ တစ်ချို့က ပိဋကတ်သုံးပုံဟာ
ဘုရားရှင် လက်ထက်ကတည်း ဘုရားရှင်ကိုယ်တော်တိုင် သတ်မှတ်ခဲ့တဲ့
သတ်မှတ်ချက်လား..၊ တစ်ချို့က ပိဋကတ်သုံးပုံဟာ ဘုရားရှင် ၄၅နှစ်လုံးလုံး
ဟောကြားထားတဲ့ တရားတော်အကုန်ပဲလား…၊ ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်၊
ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဟာ တူသလား၊ ထူးသလား… စတဲ့ အမေးတွေကတော့
အတော်များများ မသိလို့ မေးကြတာတွေ ဖြစ်ပါတယ်။ ဒီလို ခဏခဏ အမေးခံရတာတွေကြောင့်
အခွင့်သင့်ရင် ပိဋကတ်အကြောင်းလေးတော့ ရေးဦးမှလို့ စိတ်ကူးရပြီး ဒီပိဋကတ်
မိတ်ဆက်လေးကို ရေးဖြစ်ခဲ့တာပါ။

ဒီပိဋကတ်ဆိုတဲ့ အမည်ဟာ ၄၅၀ါပတ်လုံး ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ ဘုရားစကား
(ဗုဒ္ဓ၀စန)များကို ကိုယ်စားပြုကာ အသုံးပြုကြတဲ့ အမည်ဖြစ်ပါတယ်။ ဘုရားဟော
တရားတော်များကို ရည်ညွန်ပြီး အသုံးပြုတဲ့ စကားလုံး ဖြစ်ပါတယ်။ ဗုဒ္ဓသက်တော်
ထင်ရှားရှိစဉ်ကတော့ ဗုဒ္ဓဓမ္မ၊ ဗုဒ္ဓ၀စန စသဖြင့် ဘုရားဟော တရား၊ ဘုရားဟော
စကားအဖြစ် အသုံးပြုကြမှာ ဖြစ်ပါတယ်။ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီး
သုံးလလောက် အထိတောင်မှ ပိဋကတ်ဆိုတဲ့ သတ်မှတ်ချက် မရှိသေးပါဘူး။
ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး (၃)လမြောက်မှာ ဘုရားရှင်ရဲ့ တရားတော်ကို
တိုက်ရိုက်ကြားနာလိုက်ရတဲ့ အဘိညာဉ်နဲ့ ပညာအားကောင်းကြတဲ့ ရဟန္တာငါးရား
စုပေါင်းပြီး ဘုရားရှင် တရားတော်များကို တစ်စုတစ်ဝေးတည်း၊ စုပေါင်းတည်းဖြတ်ကြ၊
သုဓ်သင်ကြ၊ ရွတ်ဆိုကြကာ သင်္ဂါယနာ တင်တုန်းကလည်း ပိဋကတ်ဆိုတဲ့ အမည်ကို
အသုံးမပြုကြသေးပါဘူး။ ဒီတုန်းက ဆိုတာက ဓမ္မနဲ့ဝိနယကို သင်္ဂါယနာတင်တယ်လို့
ဆိုကြပါတယ်။ ဒါပေမယ့် ဒီစကားကပဲ ပိဋကတ်သုံးပုံကို ကိုယ်စားပြုနေပြန်ပါတယ်။
ဝိနယက ၀ိနည်းပိဋကကို ရည်ညွန်းပြီး ဓမ္မကတော့ သုတ္တန်နဲ့ အဘိဓမ္မာ ပိဋကကို
ရည်ညွန်းပါတယ်။

သင်္ဂါယနာတင်ပွဲ ပြီးတဲ့နောက်မှာတော့ ဘုရားရှင်ရဲ့ တရားတော်များ
မပျောက်ပျက်ရလေအောင် ရဟန္တာမထေရ်ကြီးများက တာဝန်အသီးသီး ခွဲဝေပြီး
နှုတ်တက်အာဂုံဆောင်ထားကြဖို့ ဆုံးဖြတ်ကြပါတယ်။ ဒီလို ခွဲဝေပြီး နှုတ်တက်အာဂုံ
ဆောင်နိုင်အောင်လည်း တရားတော်များကို စနစ်တကျ အစုများဖွဲ့ကြပါတယ်။
ဘုရားဟောတရာများဟာ အလွန်များပြားတဲ့အတွက် အစုလေးတွေဖွဲ့တဲ့အခါမှာလည်း အများကြီး
ဖြစ်ခဲ့ရပါတယ်။ အဲဒီဓမ္မအစုကိုပဲ ပါဠိလို ဓမ္မခန္ဓာလို့ ဆိုခြင်းဖြစ်ပြီး
၄၅နှစ်လုံး ဟောကြားခဲ့တဲ့ တရားတော်များဟာ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်အထိ
ရှိခဲ့ပါတယ်။ ဓမ္မခန္ဓာဆိုတာ တရားအစု၊ အကြောင်းအရာ အစုအဝေးတစ်ခုကို ဆိုလိုပြီး
ဓမ္မခန္ဓာတစ်ခုလို့ သတ်မှတ်မှုမှာ အစုအဝေးတစ်ခုလည်း ဖြစ်နိုင်သလို စာမျက်နှာပေါင်း
များစွာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို ဓမ္မခန္ဓာလေးများကို တူရာစုပေါင်းပြီး
တစ်စုတစ်ဝေးတယ် စုထားတာကိုပဲ ပိဋကဆိုတဲ့ အသုံးနဲ့ သုံးပါတယ်။ ပိဋကဆိုတာ
ခြင်းတောင်းလို့ အဓိပ္ပါယ်ရပါတယ်။ ပစ္စည်းဝတ္ထုများကို မျိုးတုစုပြီး
တောင်းထဲထည့်တဲ့ ပုံစံမျိုး တရားအစုတွေကိုလည်း ပိဋကဆိုတဲ့ တောင်းထဲကိုထည့်ပြီး
အစုဖွဲ့လိုက်ကြပါတယ်။ ဒါကြောင့် တူရာပေါင်းထည့်ရင်း တစ်ချို့ဓမ္မခန္ဓာများက
ဝိနည်းထဲပါ၊ တစ်ချို့က သုတ္တန်ထဲပါ၊ တစ်ချို့က အဘိဓမ္မာထဲပါဝင်ကာ ယနေ့အခေါ်အတိုင်း
ဝိနယပိဋက၊ သုတ္တန္တပိဋက၊ အဘိဓမ္မာပိဋကရယ်လို့ ပိဋကသုံးပုံ ဖြစ်လာခဲ့ပါတယ်။ အတိအကျ
ပြောရရင် ၀ိနယပိဋကမှာ ဓမ္မခန္ဓာပေါင်း (၂၁၀၀၀)၊ သုတ္တန္တပိဋကမှာ ဓမ္မခန္ဓာပေါင်း
(၂၁၀၀၀)နဲ့ အဘိဓမ္မာပိဋကမှာ ဓမ္မခန္ဓာပေါင်း (၄၂၀၀၀)ဆိုပြီး စုစုပေါင်း
ဓမ္မခန္ဓာပေါင်း (၈၄၀၀၀) ဖြစ်လာခဲ့ပါတယ်။

အဲဒီပထမသင်္ဂါယနာ ပြီးနောက် စုပေါင်းလိုက်တဲ့ ဓမ္မအစုများကို ရဟန္တာများ အသီးသီး
ခွဲခြားတာဝန်ယူကာ မပျောက်ပျက်အောင် နှုတ်တက်အာဂုံ ဆောင်လာခဲ့ကြပါတယ်။
အရှင်ဥပါလိနဲ့ တပည့်အစဉ်အဆက်က ၀ိနည်းပိဋကတ်ကို တာဝန်ယူ အာဂုံဆောင်ခဲ့ကြပြီး
အရှင်အာနန္ဒာနဲ့ တပည့်အစဉ်အဆက်က သုတ္တန်နဲ့ အဘိဓမ္မာကို အာဂုံဆောင်ခဲ့ကာ
အဆင့်အဆင့် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက် ခဲ့ကြတဲ့အတွက် ဒီနေ့အထိ
မြတ်ဗုဒ္ဓရဲ့ တရားတော်များဟာ မပျောက်မပျက် တစ်သမှတ်တည်း ရှိနေခဲ့တာဖြစ်ပါတယ်။

ဒီနေ့ခေတ်ရောက်လာတော့ မြတ်ဗုဒ္ဓရဲ့ တရားတော်များကို ပိဋကတ်သုံးပုံဆိုတဲ့အမည်၊
နိကာယ်ငါးရပ်ဆိုတဲ့ အသုံး၊ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုတဲ့
အညွန်းတွေနဲ့ အမည်အမျိုးမျိုးပေးကာ အသုံးပြုဖြစ်လာပါတယ်။ ဘယ်လိုပဲ အခေါ်အဝေါ်တွေ
ကွဲနေပေမယ့် အားလုံးဟာ ၄၅၀ါပတ်လုံး ဟောတော်မူခဲ့တဲ့ မြတ်စွာဘုရားရဲ့ ဗုဒ္ဓဓမ္မ၊
ဗုဒ္ဓ၀စနခေါ် ဘုရားတရား၊ ဘုရားစကားများပဲ ဖြစ်ပါတယ်။ ဒါကြောင့်
ဒီနေ့ခေတ်အသုံးပြုနေကြတဲ့ ဘုရားစကားခေါ် ပိဋကတ်သုံးပုံကို အများနားလည်အောင်
အောက်ပါအတိုင်း အကျဉ်းမျှ မိတ်ဆက်ပေးလိုက်ရပါတယ်။

ဝိနယပိဋက
ဝိနည်းပိဋကတ်ဟာ မြတ်စွာဘုရားရှင်ရဲ့ တပည့်ရဟန်းသံဃာများ လိုက်နာကျင့်သုံးရန်
ဟောကြားပညတ်ထားတဲ့ ပညတ်တော် အာဏာဒေသနာ ဖြစ်ပါတယ်။ ဒီနေ့အသုံးပြု ဖြစ်နေတဲ့
ဝိနည်းပိဋကတ်မှာ ၀ိနည်းငါးကျမ်းနဲ့ ဖွဲ့စည်းထားပြီး ဒီငါးကျမ်းကိုပဲ
ဝိနယပိဋကဆိုတဲ့ အသုံးနဲ့ ညွန်းဆိုသုံးစွဲကြပါတယ်။ အဲဒီဝိနည်းငါးကျမ်းကတော့
(၁) ပါရာဇိက
(၂) ပါစိတ္တိယ
(၃) မဟာဝဂ္ဂ
(၄) စူဠ၀ဂ္ဂ
(၅) ပရိဝါတို့ပဲ ဖြစ်ပါတယ်။

သုတ္တန္တပိဋက
သုတ္တန် ပိဋကတ်ဟာ ဝေနေယျသတ္တ၀ါတွေရဲ့ စရိုက်ဝါသနာအလိုက် လူအများ နားလွယ်လွယ်တဲ့
ဝေါဟာရများကို အခြေခံကာ ဟောကြားထားတဲ့ တရားတော်များနဲ့ ဖွဲ့စည်းထားတဲ့ ဝေါဟာရ
ဒေသနာ ဖြစ်ပါတယ်။ သုတ္တန်ဒေသနာများရဲ့ အစုအဖွဲ့လိုလည်း ပြောနိုင်ပါတယ်။
သုတ္တဆိုတာ ဖရိုဖရဲ့ မကွဲခြင်း တစ်စုတစ်စည်းတည်း ဖြစ်ခြင်းလို့
အဓိပ္ပါယ်ရတဲ့အတွက် သုတ္တန္တပိဋကဟာ ဘုရားရှင် ဝေါဟာရ ပညတ်အနေနဲ့ ဟောကြားထားတဲ့
သုတ်တော်များ တစ်စုတစ်စည်းတည်း ဖြစ်စေရန် ဖွဲ့စည်းထားတဲ့ ပိဋကလို့
ဆိုနိုင်ပါတယ်။ ဒီပိဋကတ်မှာပါတဲ့ သုတ္တန်တရားတော်များကိုပဲ နိကာယဆိုတဲ့ အမည်နဲ့
အစုငါးစုဖွဲ့ကာ တူရာတူရာ ပေါင်းပြီး နိကာယ်ငါးရပ်အဖြစ် ဖွဲ့စည်းထားပါတယ်။

သုတ္တန်ပိဋက၀င် အဲဒီနိကာယ်ငါးရပ်က
(၁) ဒီဃနိကာယ (ဒီဃနိကာယ်)= ရှည်လျားတဲ့ သုတ်များရဲ့ အစု
(၂) မစ္ဇျိမနိကာယ (မစ္ဇျိနိကာယ်) = မတိုမရှည် အလယ်အလတ်ဖြစ်တဲ့ သုတ်များရဲ့ အစု
(၃) သံယုတ္တနိကာယ (သံယုတ္တနိကာယ်) = ဟောကြားသည့် အကြောင်းအရာ၊ နာကြားသည့်ပုဂ္ဂိုလ်
စသဖြင့် ဆက်စပ်မှတ်သားရသော သုတ်များကို ကဏ္ဍအလိုက် ခွဲခြားစုစည်းထားတဲ့ အစု
(၄) အင်္ဂုတ္တရနိကာယ (အင်္ဂုတ္တရနိကာယ်) = အကြောင်းအရာ တစ်ခုကို ဟောကြားထားသောသုတ်၊
အကြောင်းအရာ နှစ်ခုကို ဟောကြားထားသော သုတ်၊ အကြောင်းအရာ သုံးခုကို
ဟောကြားထားသော သုတ်စသဖြင့် တစ်မှ တစ်ဆယ့်တစ်အထိ အင်္ဂါရပ်များ အစဉ်အတိုင်း တိုး၍
ဟောကြားထားသော သုတ်များရဲ့ အစု
(၅) ခုဒ္ဒကနိကာယ (ခုဒ္ဒကနိကာယ်) = အထက်နိကာယ် လေးမျိုးထဲတွင် မပါဝင်တဲ့ သေးငယ်တဲ့
သုတ်များရဲ့ အစု (ခုဒ္ဒက=အငယ်၊ အသေး) တို့ပဲ ဖြစ်ပါတယ်။

ဒါကြောင် သုတ္တန်ပိဋကခေါ် နိကာယ် ငါးရပ်တွင် ပါဝင်တဲ့ကျမ်းများမှာ
အရေအတွက်အားဖြင့် ဒီဃနိကာယ် (၃) ကျမ်း၊ မဇ္ဈိမနိကာယ် (၃) ကျမ်း၊ သံယုတ္တနိကာယ်
(၅) ကျမ်း၊ အင်္ဂုတ္တရနိကာယ် (၃) ကျမ်း၊ ခုဒ္ဒကနိကာယ် (၁၁) ကျမ်းအားဖြင့်
စုစုပေါင်း (၃၇)ကျမ်း ဖြစ်ပါတယ်။ ဘုရားဟောဓမ္မတွေကို ပိဋကနဲ့ မပြောဘဲ နိကာယ်နဲ့
ပြောမယ်ဆိုရင် ၀ိနယပိဋကနဲ့ အဘိဓမ္မာပိဋကများကို ခုဒ္ဒနိကာယ်ထဲမှာ ထည့်သွင်းရေတွက်
ရမှာဖြစ်ပါတယ်။

အဘိဓမ္မာပိဋက
အဘိဓမ္မာ ပိဋကတ်ဟာ သတ္တလောက သင်္ခါရလောက သြကာသလောကလို့ ဆိုတဲ့ လောကသုံးပါးနဲ့
နိဗ္ဗာန်အကြောင်းကို ပရမတ္ထတရားလေးပါးအဖြစ် ခွဲခြမ်းစိပ်ဖြာကာ သဘောတရား
ဖြစ်စဉ်များအတိုင်း အကြောင်းအရာ မှန်ကန်ပြည့်စုံစွာ ဟောကြားထားတဲ့ ပရမတ္ထ
ဒေသနာတော် ဖြစ်ပါတယ်။ အဘိဓမ္မာပိဋကကို ဟောကြားပုံနည်းအရ ကျမ်းအမည် (၇)မျိုးနဲ့
ဖွဲ့စည်းထားပါတယ်။ အဲဒါကို အဘိဓမ္မာ (၇)ကျမ်းလို့
ဒီနေ့သုံးစွဲနေကြခြင်းဖြစ်ပါတယ်။ ဒီ (၇)ကျမ်းက
(၁) ဓမ္မသင်္ဂဏီ
(၂) ၀ိဘင်္ဂ (၀ိဘင်း)
(၃) ဓာတုကထာ
(၄) ပုဂ္ဂလပညတ္တိ (ပုဂ္ဂလပညတ်)
(၅) ကထာဝတ္ထု
(၆) ယမက (ယမိုက်)
(၇) ပဋ္ဌာန (ပဋ္ဌာန်း) တို့ပဲ ဖြစ်ပါတယ်။

ဒီမှာ ဖော်ပြခဲ့တဲ့ ပိဋကတ်သုံးပုံဟာ ပထမသင်္ဂါယနာ တင်ကတည်းက သံဃာ့မထေရ်ကြီးများ
အစဉ်အဆက် မပျောက်ပျက်ရအောင် လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ကြတဲ့ မူရင်း
ဗုဒ္ဓဓမ္မများ ဖြစ်ပါတယ်။ ဒီပိဋကတ်သုံးပုံဟာ ဘုရားရှင်နှင့်တကွ အရှင်မဟာကဿပ စတဲ့
မထေရ်ကြီးများရဲ့ အယူဝါဒများ ဖြစ်တဲ့အတွက်လည်း ထေရ၀ါဒ* (ထေရ- ဘုရားအစရှိတဲ့
ရဟန္တာမထေရ်ကြီးများရဲ့၊ ၀ါဒ- အယူဝါဒ၊ ဟောပြောသင်ကြားချက်)* ဓမ္မများလို့လည်း
ဆိုပါတယ်။ ယနေ့ထေရ၀ါဒ ငါးနိုင်ငံဖြစ်တဲ့ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီယား၊
လာအိုနိုင်ငံများမှာရှိတဲ့ ပိဋကတ်များဟာ ပထမသင်္ဂါယနာမှာ ချမှတ်ခဲ့တဲ့အတိုင်း
ဘုရားဟော တရားတော်များကို ပြင်ဆင်ခြင်း ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်းမရှိ
အရှိအတိုင်း တစ်သွေမတိုင်း လက်ခံလိုက်နာ ကျင့်သုံးနေကြတဲ့ ထေရ၀ါဒ
ပိဋကတ်တော်များ ဖြစ်ပါတယ်။

ဒါကြောင့် ဒီကနေ့ လူအများ ပြောဆိုနေကြတဲ့ ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်၊
ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုတဲ့ အပြောအဆို အသုံးအနှုန်းများဟာ
စကားလုံးအားဖြင့် အခေါ်အဝေါ် ကွဲနေကြပေမယ့် အချုပ်အားဖြင့် ၄၅၀ါပတ်လုံး မနေမနား
ဟောကြားတော်မူခဲ့တဲ့ ဗုဒ္ဓဓမ္မ (ဘုရားတရား)၊ ဗုဒ္ဓ၀စန (ဘုရားစကား)တော်
အစစ်အမှန်များသာ ဖြစ်ပါကြောင်း၊ ရဟန္တာမထေရ်ကြီးများ ကိုယ်တော်တိုင်း
အကြိမ်အကြိမ် တည်းဖြတ်သုတ်သင်ကာ အမှားအယွင်းမရှိ အပိုအလိုမရှိအောင်
ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတဲ့ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များသာ
ဖြစ်ပါကြောင်း ဝေါဟာရများအပေါ်မှာ သို့လောသို့လော ဖြစ်နေကြတဲ့ ဗုဒ္ဓဘာသာဝင်
အချို့အတွက် သံသယ ကင်းစေဖို့ ပိဋကတ်မိတ်ဆက်အဖြစ် ဒီပို့စ်လေးကို အသိပေးတင်ပြ
လိုက်ရခြင်း ဖြစ်ပါတယ်။



Things you can do from here:

- Subscribe to အရှင်ဝိစိတ္တ
(မနာပဒါယီ)using
*Google Reader*
- Get started using Google
Readerto easily keep up
with
*all your favorite sites*

Guest
Guest


Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum